တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နွယ်ရစ်ကျေးရွာ   အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေးက အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဦးနှောက်အာဟာရပြည့်ဝစေဖို့ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ နွယ်ရစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ မအေးချမ်းမေ (Grade-7)၊ မောင်အောင်မျိုးဆန်း(Grade-9)၊ မသွယ်သွယ်ဖြိုး (Grade-7)၊ မဇင်မေသူ (Grade-9) တို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် အသိပညာပေးများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ၏ အဆိုအမိန့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်