မော်လမြိုင် ဒီဇင်ဘာ ၇
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားတိုင်း ဥပဒေကို မဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် တာဝန်ရှိကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်းက သိရှိနားလည်ရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးရေးနှင့်အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်များရရှိနိုင်ရေး Grade-11နှင့်Grade-12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချပေးရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ယခုသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်ပြီး ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအကြား ဥပဒေအသိပညာများတိုးပွား၍ နိုင်ငံတော်အတွက်၊ ပြည်နယ်အတွက် ကောင်းကျိုးရလဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ဆရာ၊ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုများအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၁၁၆)ဦး တက်ရောက်ကာ သင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)