မိုင်းယန်း ဒီဇင်ဘာ ၆
တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများမှ အကပဒေသာများဖြင့်ကပြဖျော်ဖြေပြီး မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်မှ အဖွင့်အမှာစကားနှင့် ပွဲစဉ်တစ်လျှောက်ယှဉ်ပြိုင်ကစားကြရာတွင် အသင်းသားအချင်းချင်း စည်းလုံးမှုညီညွတ်ပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်းမှာကြား၍ ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
၂၀၂၄ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ငွေလင်းယုန်အသင်းနှင့် ဝိန်းလိတ်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားပွဲအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်မှ ဘောလုံးကန်၍ စတင်ပေးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း(၁၀)သင်း ပါဝင်ပြီးယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)၊ အုပ်စု(ခ)သတ်မှတ်၍ (၆-၁၂-၂၀၂၄)ရက်နေ့မှ (၄-၁-၂၀၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး