တံတား ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့အောင်သီရိစျေး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးကျော်သူရမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ တံတားနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်စိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဒေါ်စုစုခိုင်နှင့်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်းမှဝန်ထမ်းများ၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်ဟောပြောအသိပညာပေးပြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ရုတ်တရက်မီးလောင်မှုဖြစ်ပွားလာပါက လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင်မှုများပြုလုပ်ခြင်း၊ မီးငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မီးသတ်ပိုက်များဖြင့် မီးငြှိမ်းသတ်ပုံတို့ကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် စျေးအတွင်းရှိ လျှပ်စစ်ဝါယာကြိုးများ၊ မီးသတ်ဆေးဗူးများနှင့် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များအား လိုက်လံစစ်ဆေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပန်ဆုပြည့်(ပြန်/ဆက်)