သုံးခွ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသူများ အကြမ်းဖက်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဥ်မင်းထွေးက ကျောင်းသူလေးများအား မုဒိမ်းမှုဖြစ်ပွားရခြင်းအကြောင်းအရာများနှင့် ကာကွယ်ရမည့်နည်းလမ်းများ၊ လူခိုးမှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများအကြောင်းကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရေးလိုက်နာ ရှောင်ကျဥ်ရမည့်အချက်များ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရုံးမှပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်စာစောင်များကို ဆရာမများနှင့် ကျောင်းသူလေးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)