မိတ္ထီလာမြို့နယ် ကဖြူကျေးရွာတွင် မိုးစပါး (မှော်ဘီကောက်ညှင်း) စံကွက်ရိတ်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကဖြူကျေးရွာ ဦးပိုင်အမှတ် (၁၀၁)၊ ကွင်းအမှတ် (၇၃၁)ရှိ တောင်သူ ဦးလင်းလင်း၏ မိုးစပါး (မှော်ဘီကောက်ညှင်း) စိုက်ဧက (၅)ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မိုးစပါး (မှော်ဘီကောက်ညှင်း) စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်စိုးရွှေ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါမိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိုးစပါးများ စိုက်ပျိုးထားရှိမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကဖြူကျေးရွာရှိ တောင်သူ ဦးလင်းလင်း၏ စိုက်ဧက (၅)ဧကရှိ ကောင်းအဆင့်အလွှာ မိုးစပါး (မှော်ဘီကောက်ညှင်း)ကို ရိတ်သိမ်းခဲ့ရာ မိုးစပါး (မှော်ဘီကောက်ညှင်း)စိုက်ဧက တစ်ဧက စပါးတင်း(အစို) (၁၁၀.၆၂)တင်း ထွက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)