သင်္ဃန်းကျွန်း ဒီဇင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(၂)ကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အထက်တန်းပြဆရာမ ဒေါ်စောမြမြသွင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၂) Grade-11 မှ မောင်အောင်ကျော်ဦးက လူငယ်နှင့်မူးယစ်ဆေးဝါးကိုလည်းကောင်း၊ Grade-10 မှ မအိုင်းချစ်သဲက လူငယ်နှင့်စာပေကိုလည်းကောင်း၊ မောင်ထက်ပိုင်လင်းက လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ မနွယ်နွယ်အောင်က လူငယ်နှင့်ကျန်းမာရေးကိုလည်းကောင်း၊ မဟန်စုပြည့်ကျော်က လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း အသိပညာပေးခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အ.ထ.က(၂)ကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သူရိန်(ပြန်/ဆက်)