ကျောက်ဆည်မြို့ ဒါန်းရွာကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ကျောက်ဆည်မြို့နယ် ဒါန်းရွာကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းက သင်ကြားပေးတဲ့ပညာရပ်များအား အကျိုးရှိစွာ လက်တွေ့အသုံးချရန်၊ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ထုတ်ကုန်များ ထုတ်လုပ်ကြရန် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ရီရီဦးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းထွက်ကုန်များနှင့်  ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့‌ပြီး  သင်တန်းသူများကိုယ်စား သင်တန်းသူ မရူပါသိန်းက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပန်ကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်နှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်းများကို ဒီဇင်ဘာလ (၂)ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းသူ (၁၅)ဦးအား စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး