ဗိုလ်တထောင် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ (၁၄) ခရိုင်၊ (၄၄) မြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအား သွားကျန်းမာရေးအခမဲ့စစ်ဆေးကုသမှုကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ဆေးကုသမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီအချိန်မှ ညနေ ၁၆နာရီ ၃၀ မိနစ်အချိန်ထိ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ သာကေတအထူးကုဆေးရုံ(ကုတင် ၁၀၀)၌ စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုအသက်ကြီးပုဂ္ဂိုလ်များအား ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒေါက်တာကွန်စတန်(လက်ထောက်ညွှန်ကြားရေးမှူး)၊ သာကေတအထူးကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအိနွယ်နီ၊ ဗိုလ်တထောင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာခင်သီတာဦးအပါအဝင် ဆရာဝန်/သူနာပြုအင်အား (၅၇)ဦး၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြင့် သက်ကြီးပုဂ္ဂိုလ်များအတွက် သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နုနုဆွေ၊ အတွင်းရေးမှူး ဒေါက်တာယာဉ်ငြိမ်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ သာကေတထူးကုဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အိနွယ်နီ၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု့ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ၅ မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထိုသွားကျန်းမာရေးစမ်းသပ်စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး (၁၄)ခရိုင်အတွင်း မြို့နယ်များရှိ သက်ကြီးပုဂ္ဂိုလ်(၅၀၀)ဦးအား သွားကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးခဲ့ပြီး အဟာရအအေးနှင့် မုန့်များ၊ ထမင်းဘူးများ ဝေငှခဲ့ပေးခဲ့ကြောင်းနှင့် လာရောက်ကုသသည့် ပုဂ္ဂိုလ်များအား စိတ်အေးချမ်းစွာကုသမှုခံယူနိုင်စေရန် သာကေတမြို့နယ် ရဲတပ်ဖွဲ့၊ နယ်မြေခံရဲစခန်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့အင်အား (၁၀၀)ဦးဖြင့် လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ဆက်)