ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား ကြည့်ရှုအားပေး

စစ်တွေ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စည်ပင်သာယာရေးအဖွဲ့၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်နယ်သစ်တောဦးစီးဌာနရုံး၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ပြည်နယ်လမ်းဦးစီးဌာနရုံး၊ ခရိုင်နှင့် မြို့နယ်ရုံးများတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းသာယာရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့၏ ဟင်းသီးဟင်းရွက်စိုက်ခင်းအား သွားရောက်ကြည့်ရှုကြရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စိုက်ခင်းအတွင်း လှည့်လည်ပြသပြီး ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားရှိမှု၊ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ထွက်ရှိလာသော အသီးအနှံများကို ဝန်ထမ်းများအား ဖြန့်ဝေပေးမှုတို့ကို လိုက်လံရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်အတွင်း ရောင်းချနိုင်အောင် တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းညှိနှိုင်းပေးခဲ့သည်။

အဆိုပါစိုက်ခင်းတွင် ဟင်းသီးဟင်းရွက်မျိုးစုံ ၂၂ မျိုး စိုက်ပျိုးထားကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)