နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စနစ်တကျအသုံးပြုပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထားစိစစ်၍ အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များအား ခွင့်ပြုချထားပေးခြင်း၊ စိစစ်ထောက်ခံတင်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျစီမံခန့်ခွဲပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေး ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများအပေါ် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ကိုင်ခွင့်များ ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးချခြင်းနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များအား ဒေသတွင်း အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)