နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၊ ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးရွာ “လမ်းပြကြယ်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် MSME အသင်းဝင်း ဦးခင်မောင်ဝင်း၏ ရွေပြည်စိုး ဆီ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ဆီစက်ကြိတ်ခွဲလည်ပတ်နေမှုအခြေအနေများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စက်မှ စိုက်ပျိုးရေးပေးဝေမည့်အခြေအနေနှင့် ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာအနီး၊ ငလိုက်ဆည်ရေသောက်ပြင်ပရှိ လယ်ယာမြေများအား စိုက်ပျိုးရေပေးဝေနိုင်ရေး ရေထိန်းရေမြှင့် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ နှမ်းတောကျေးရွာအနီး မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ ဇီးဖြူပင်အဆင့်မြင့်လယ်ယာတွင် ဆောင်းမတ်ပဲသီးနှံများအား ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ “လမ်းပြကြယ်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဇေယျာသီရိ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် တာဝန်ရှိသူများက “လမ်းပြကြယ်” စာကြည့်တိုက်အဆောက်အဦ အသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇေယျာသီရိမြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး "လမ်းပြကြယ်" စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌထံ အလှူရှင်များက စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ပေးအပ်ရာ ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည့်တိုက်အတွင်း စာပေလေ့လာ ဖတ်ရှုနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)