ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သား/ ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေး သား/ ငါးဒိုင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၆

ကချင်ပြည်နယ်အတွင်း သား/ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ သားသတ်လိုင်စင်ရရှိလုပ်ကိုင်နေသူများ၊ သား/ငါးဒိုင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြှင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းများကို စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးအရ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အများပြည်သူနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့်အတွက် ကျွန်းကိုင်မီ၊ ကိုင်းကျွန်းမီဖြစ်နေသည်ကို သိရှိနားလည်၍ ထိန်းသိမ်းကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဈေးနှုန်းမြှင့်တက်မှုအပေါ် စည်ပင်သာယာရေးအဖွဲ့မှ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် သားသတ်လိုင်စင်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ် အမှုဆောင်အရာရှိ ဦးလှမိုးက သား/ငါး၊ ကြက်နှင့် အခြေခံစားသောက်ကုန်များ၏ နေ့စဉ် နှုန်းထားစာရင်းနှင့် လအလိုက် ဖြစ်ပေါ်လျက်ရှိသည့် မြေပြင်ဈေးနှုန်းများအပေါ် ဝက်သားဈေးနှုန်း မြင့်တက်လာမှုများနှင့်စပ်လျဉ်း၍ ကွာခြားချက်ဖြစ်ပေါ်လာမှုအပေါ် ညှိနှိုင်းဆွေးနွေးရန် လိုအပ်မှုကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် သားသတ်လိုင်စင်ရရှိသူများနှင့် သား/ငါးဒိုင်များက ကုန်ကြမ်းရရှိမှုအခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် တွေ့ကြုံလျက်ရှိသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ကုန်ဈေး နှုန်းတည်ငြိမ်မှုရှိစေရေး၊ လုပ်ထုံးလုပ်နည်းနှင့် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရမည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)