မော်လမြိုင် ဒီဇင်ဘာ ၆
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၆/ ၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ကုန်ဦးစားပေး ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့်ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် ရာဘာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့်ရေထွက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်၍ ကာလတို၊ ကာလလတ် အစီအမံများ ချမှတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိစေရန်၊ စီးပွားရေးအခြေအနေ အလားလာကောင်းများရှိစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်၊၊
ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုရန်၊ ရင်းနှီးမြှုပ်နှံသူအမည်ပြင်ဆင်ခွင့်ပြုပါရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ တင်ပြလာခြင်းအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)