နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ "လမ်းပြကြယ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဇေယျာသီရိ ဒီဇင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ “လမ်းပြကြယ်”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် တာဝန်ရှိသူများက “လမ်းပြကြယ်” စာကြည့်တိုက်အဆောက်အဦအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇေယျာသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး "လမ်းပြကြယ်" စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌထံ အလှူရှင်များက စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း စာပေလေ့လာဖတ်ရှုနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်  စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)