မော်လမြိုင် ဒီဇင်ဘာ ၆
ကွန်ပျူတာတက္ကသိုလ်(သထုံ) ကျောင်းသား၊ ကျောင်းသူများ၏ ဒေသအကျိုးပြု Project Show ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်တဲ့ Project Show တွင် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများရဲ့ ကိုယ်ပိုင်အတွေးအခေါ်များနဲ့ လက်တွေ့ပြုလုပ် ဖန်တီးပုံဖော်ထားသော Project များကို Industry များနှင့် ပေါင်းစပ်ညှိနှိုင်းကာလူမှုပတ်ဝန်းကျင်အတွက် အီလက်ထရောနစ်ဝန်ဆောင်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ကျင်းပပြုလုပ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ သိပ္ပံနှင့်နည်းပညာတိုးတက်ရေးကို နိုင်ငံတိုင်းက တစိုက်မတ်မတ် အားသွန်ကြိုးပမ်းလျက် ရှိရာမြန်မာ့သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ စွမ်းဆောင်ရည်ဟာလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါကြောင်း၊ ဒီ Project Show ကနေပြီးတော့ ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေခြင်း၊ တက္ကသိုလ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက် နိုင်ခြင်းစတဲ့အခွင့်အလမ်းကောင်းများကို တိုးတက်လာစေနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ အငယ်စား စီးပွားရေးလုပ်ငန်းများနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးကလည်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းကြိုးပမ်းကူညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ထို့နောက် ကျောင်းသူလေးများက မွန်ရိုးရာအကဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား၊ ကျောင်းသူများက Project တစ်ခုချင်းအလိုက် Presentation များရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Project Show အတွက် ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခန်းမအတွင်း၌ မေဂျာအလိုက် သင်တန်းနှစ်အလိုက်ကျောင်းသား ကျောင်းသူများ၏ Project Show(၁၂)ခု၏သရုပ်ပြသမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)