ဒေါပုံ ဒီဇင်ဘာ ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာလ(၄)ရက်နေ့ နံနက် (၉) နာရီအချိန်ကစတင်ကာ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးချွန်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ၊ မရှိ၊ ထားရှိသည့် မီးသတ်ဆေးဘူးများ သုံးစွဲရန် သက်တမ်းကျော်လွန်မှု ရှိ၊ မရှိ၊ မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျထားရှိခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ထို့နောက် လျှပ်စစ်မီး သုံးစွဲရာတွင် စနစ်တကျဂရုပြုသုံးစွဲကြရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူးကို စနစ်တကျသုံးစွဲတတ်စေရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)