အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲကျင်းပ

ကလော ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနဟာ အသက်မွေးကြောင်း ပညာရပ်များဖြင့် ဘဝရပ်တည်နိုင်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် နယ်စပ်ဒေသအသီးသီးမှာ နယ်စပ်ဒေသ တိုင်ရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာ ဒေသအတွင်း တိုင်းရင်းသူ/တိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးဖော်ဆောင်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းနှင့် အိပ်ခန်းဆောင်သင်တန်း အမှတ်စဉ် (၃) ကို သသင်တန်းသူ (၃၀) ဦးဖြင့် (၂၂) ပတ်ကြာ သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးတို့က ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတွင် ထူးချွန်သင်တန်းသူများ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် သင်တန်းဆင်းသင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)