မိုင်းရှူးမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက “မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်သီတာလှိုင်က “အမျိုးသမီးငယ်များလမ်းမှား မရောက်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဌာန ဆရာမဒေါ်ဘီနူးက ရာသီအလိုက်ဖြစ်ပွားတတ်သည့်ရောဂါများ ရှောင်ရန်၊ ဆောင်ရန်များအကြောင်း စသည့် အသိပညာပေးအကြောင်းအရာများ အသီးသီးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များ၊ ကျန်းမာရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)