ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်မြစ်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေး၊ မြို့တော်သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ ရန်ကုန်မြစ်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေး၊ မြို့တော်သန့်ရှင်းသာယာလှပ စေရေး၊ ခရီးသွားပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ ရေယာဉ်များပေါ်တွင် လိုအပ်သည့် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အများပြည်သူများ၊ အမှိုက်များ စွန့်ပစ်နိုင်မည့် အနီးအနားနေရာများတွင် အမှိုက်ပုံးများ စနစ်တကျထားရှိရန်နှင့် ဆိပ်ကမ်းများတွင် အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အမှိုက်မစွန့်ပစ်ရဆိုင်းဘုတ်များ စိုက်ထူရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲသို့ အမှိုက်ပုံး(၆၆)ပုံအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကရင်လဂျာက အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)