နမ့်စန်မြို့တွင် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဆောင်ရွက်

နမ့်စန်()  ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုယှဉ်ပြိုင်နေမှုကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေး၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတွင် အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀(မ) စုစုပေါင်း (၅)မျိုး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ Grade-9 ၊ Grade -10 ၊ Grade - 11 နှင့် Grade-12တို့မှ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။  

သူရအောင်(နမ့်စန်)