ပုဗ္ဗသီရိ ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် Family ကိုယ်ပိုင်မူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မြန်မာစာလုံးပေါင်းသတ်ပုံများကိုမှန်ကန်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ စာလုံးပေါင်းသတ်ပုံအမှန် ရွေးခြယ်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာလုံးပေါင်း သတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲအား ဆက်လက်ဆောင်ရွက်ရာ Family ကိုယ်ပိုင် မူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်)