နမ့်စန်(တ) ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီက နမ့်စန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက နမ့်စန်မြို့နယ်တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသူ တာဝန်ရှိသူအဆင့်ဆင့်က ပွဲတော်ကျင်းပမည့် နေ့ရက်၊ နေရာ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေးနှင့်သတင်းထုတ်ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ပွဲတော်ကျင်းပရေး စသည့်ကိစ္စရပ်များကို အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူခဲ့ကြသည်။
အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာ၌ ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်၍ ဒီဇင်ဘာ ၁၄ ရက်နေ့ထိ တိုင်းရင်းသားပေါင်းစုံ ရိုးရာအကအလှများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)