ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈ တွင် မိုးစပါး (YSR-1) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာရှိ ကွင်းအမှတ်-၂၂၆၈ တောင်သူ ဦးသာဩ၏ မိုးစပါး (YSR-1) မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို၊ ယနေ့နံနက် (၁၀) နာရီက အဆိုပါကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးစပါးအနေဖြင့် ၁၆၉၅၈ ဧက စိုက်ပျိုးထားရှိခဲ့ကြောင်း သိရပြီး၊ ၎င်းတို့အနက် ဆည်ရေသောက်အနေဖြင့် ဧက ၄၂၁၀၊ စိမ့်းစမ်းသောက် ၁၆၂၁ ဧက ကျော်နှင့် မိုးကောင်းသောက်အနေဖြင့် ဧက ၁၁၁၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးထားရှိသည့် မိုးစပါးများတွင် မျိုးအနေဖြင့် မနောသုခမျိုးနှင့် ဆင်းသုခ မျိုးများအများဆုံး ပါဝင်ပြီး၊ ယခုနှစ်တွင် YSR-1 မျိုးကို ၁၆ ဧက စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စမ်းသပ် စိုက်ပျိုးထားသည့် YSR-1 မျိုးစပါးများမှ ယနေ့တွင် တောင်သူ ဦးသာဩ၏ လယ်မြေ၌ စံကွက်ရိတ်သိမ်းခြင်းဖြစ်ရာ၊ ဒဿမ ၁၀ စံကွက်တွင် စပါးအစိုတင်း ၁၄ တင်း ထွက်ရှိသဖြင့်၊ တစ်ဧက အထွက်နှုန်းအနေဖြင့် တင်း ၁၂၀ခန့် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ လာမည့်နှစ်များ၌ မိုးစပါး။ နွေစပါးများ စိုက်ပျိုးရာတွင်လည်း၊ ယခုကဲ့သို့ သက်တမ်း ၁၂၀ သာရှိပြီး အထွက်နှုန်း ကောင်းမွန်သည့် YSR-1 မျိုးများ တိုးချဲ့စိုက်ပျိုးရေးကို တောင်သူများအား စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးကြိးကြပ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကိုင်းကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)