လှည်းကူး ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် စျေးမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲ (၂) နာရီက လှည်းကူးမြို့မဈေး(မင်္ဂလာ)ခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ပြောကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား တက်ရောက်လာသူများက ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။ ထို့နောက် ဈေးခန်းမရှေ့ ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးယုလွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်နည်းများအား သရုပ်ပြသခြင်း၊ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နည်းစနစ်များအား သရုပ်ပြသခြင်း၊ ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ်(Medium Fire Fighting & Rescue Truck)နှင့် LUF60 ယာဉ်၏ စက်စွမ်းအား သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ အင်းတိုင်တပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်ဟိဏ်းက အခမ်းအနားတွင် ပါဝင်သရုပ်ပြသကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲနှင့် သရုပ်ပြသဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ အင်းတိုင်တပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်ဟိဏ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)