ပေါင်မြို့နယ် (Community Centre) ခန်းမ၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲပြုလုပ်

ပေါင် ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ဒီဇင်ဘာ(၄)ရက်နေ့နံနက် (၁၀)နာရီက  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက  ရပ်ကွက်/ကျေးရွာစာကြည့်တိုက် တွေကို ရှင်သန်ခိုင်မာစေရန်အတွက် ယခုလိုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ ပြန်လည်ရှင်သန်စေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က စာကြည့်တိုက်ရှင်သန်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အား၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏အား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏အား၊ ပြည်သူလူထုများ၏အားတို့ဖြင့် ပူပေါင်းဆောင်ရွက်ပေးမှသာ ရှင်သန်ခိုင်မာလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပေါင်မြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာ စာကြည့်တိုက် (၈)တိုက်သို့ စာအုပ်များ လှူဒါန်းပေးခဲ့သည်။

တစ်ဆက်တည်းမှာပင်၊ ကျေးရွာစာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက်များမှ  စာကြည့်တိုက်မှူးများက စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲ စတင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲကို ကျေးရွာစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကျော်လွှားနိုင်သည့် နည်းလမ်းများ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း  ဒီဇင်ဘာလ (၄)ရက်နေ့မှ (၅) ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)