ပေါင် ဒီဇင်ဘာ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဆရာမများက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၅)နှစ်မှ (၇)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးတို့ကို လိုက်လံထိုးနှံပေးခဲ့သည်။
အဆိုပါ (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ယနေ့တွင် အခြေခံပညာမူလတန်းကျောင်း(၄)ကျောင်းမှ ကျောင်းသူ(၇၀)ဦးနှင့် (DT)ဆုံဆို့ မေးခိုင်ကာကွယ်ဆေးထိုးနှံသူ (၂၁၀)ဦး စုစုပေါင်း(၂၈၀)ဦး ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီဇင်ဘာလ(၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ အခြေခံပညာကျောင်းများသို့ သွားရောက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)