မောက်မယ်မြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်းချိန် စက်ယန္တယားကြီးများ သုံးစွဲလုပ်ကိုင်လာ

မောက်မယ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ ၂၀၂၄ ခုနှစ် မိုးစပါးများစတင်ရိတ်သိမ်းလာကြပြီဖြစ်ပြီး ခေတ်မီစက်ယန္တယားကြီးများ ငှားရမ်း သုံးစွဲလာကြကြောင်း သိရသည်။  

ထိုကဲ့သို့ ခေတ်မီရိတ်သိမ်းချွေလှေ့စက်ကြီးများ သုံးစွဲခြင်းဖြင့် စရိတ်အကုန်အကျသက်သာပြီး စျေးကွက်ဝင်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ “အစကတော့ စက်သုံး ဆီစျေးကြီးလို့ တစ်ဧကကို နှစ်သိန်းနှုန်းနဲ့ အငှားလိုက်ဖို့ပါဘဲ မနှစ်ကဆိုရင် တစ်ဧကတစ်သိန်းခွဲနဲ့ အငှားလိုက်ပါတယ် ဒါပေမယ့် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဆိုပြီးတော့ တစ်ဧကကို တစ်သိန်းရှစ်သောင်းနဲ့ဘဲလိုက်ဖြစ်ပါတယ်။ တစ်ရက်ကို (၁၅)ဧက ရိတ်သိမ်းနိုင်ပါတယ်” ဟု ရိတ်သိမ်းချွေလှေ့စက်ပိုင်ရှင် အငှားလိုက်သူ ဦးကေလာက ပြောကြားခဲ့သည်။

လယ်ပိုင်ရှင် တောင်သူ ဦးကျော်ဇံက “လူငှားနဲ့ရိတ်မယ်ဆိုရင်လည်း ယခုနှစ်ဆိုရင် တစ်နာရီကို သုံးထောင်ကျပ်နဲ့ အလုပ်သမားငှားရပြီး ကောက်ရိတ်ခ၊ ကောက်လှိုင်းစည်းခ၊ ချွေခ(စပါးပုတ်ခ)တွေနဲ့ဆိုတော့ တစ်ဧကကို နှစ်သိန်းဝန်းကျင်လောက်တော့ ကုန်မှာပါ အများစုက အချိန်မီပြီးတဲ့စက်တွေနဲ့ ချွေကြတာများပါတယ်။ ပြီးတော့ သီးထပ်သီးနှံကိုလည်း အချိန်မီစိုက်ပျိုးနိုင်မည်” ဟုပြောကြားခဲ့သည်။

တောင်သူများအနေဖြင့်လည်း အချိန်မီပြီးစီးပြီး စျေးကွက်ဝင်သီးထပ်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကာ အမြတ်အစွန်းပိုမိုရရှိနိုင်ကြမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)