လှည်းကူး ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကွင်းဆင်းဌာန၊ ဆေးတက္ကသိုလ်(၂)မှ အလုပ်သင်ဆရာဝန်များနှင့် ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ၊ ဆရာများ၊ မြို့များတို့က သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ နှလုံးခုန်နှုန်းများ စမ်းသပ်ခြင်း၊ ဆီးချိုရှိ မရှိ စစ်ဆေးခြင်းများနှင့် သွေးတိုး၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်ကျန်းမာရေး ဗဟုသုတများ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သက်ကြီးဘိုးဘွား(၅၇)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အလှူရှင်များမှ ဘိုးဘွားများ အာဟာရဖွံ့ဖြိုးရေးအတွက် ကြက်သားဆန်ပြုတ်များ ကျွေးမွေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်တို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)