မိုးနဲ ဒီဇင်ဘာ ၆
အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူလူရည်ချွန်မောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ အနီးကပ်ကြီးကြပ်၍ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများက ကြီးကြပ်ရေးမှူးများအဖြစ်ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၂၄)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)