တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊  တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဦးနှောက်အာဟာရပြည့်ဝစေဖို့ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို   ရှင်းလင်းအမှာစကားပြောကြား​ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မဆွေဇင်နွယ် (Grade-7)၊ မသွန်းရတီဆောင်း (Grade-6)၊ မောင်မျိုးမင်းသန့် (Grade-7)၊ မောင်ကျော်ဇေဘုန်းသစ် (Grade-6)၊ တို့က လူငယ်နှင့်တာဝန်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ဝတ်စားဆင်ယင်မှုခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။        

တင်စိုးလွင်