ဇမ္ဗူသီရိ ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ သုခပညာခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်၍ လူငယ်ရေးရာနှင့်ပတ်သက်သည့် စာအုပ်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)