မတ္တရာ ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကျေးရွာ၊ ကွင်းအမှတ်(၃၃၁)ရှိ တောင်သူ ဦးဝင်းမြင့်၏ ဧရာမင်းစပါးမျိုး စိုက်ခင်း (၁.၀၀)ဧကတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်လင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးရဲမင်းသောင်း၊ မတ္တရာမြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်အားပေးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှာ ၉၆.၈၇ တင်း နှုန်းထွက်ရှိကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် တောင်သူ ဦးချစ်မင်း လယ်ကွက်၌ သစ်စိမ်းမြေ ဩဇာပြုလုပ်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့စိုက်ပျိုးသို့ သွားရောက်ကာ မျိုးစေ့များကို စုပေါင်း ကြဲပက်ပေးခဲ့ကြပြီး တောင်သူ ဦးကိုကို၏ မြေကွက်တွင် သီးနှံမျိုးစုံအကန့်လိုက် စံပြစိုက်ပျိုးခြင်း အားကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ပြုံးကျေးရွာ မိုးကောင်းဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသအေးချမ်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ရောင်းချသော ယူရီးယားဓာတ်မြေဩဇာများအား တောင်သူများလက်ဝယ်အရောက် ရောင်းချပေးမှုများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)