ငါန်းဇွန်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ငါန်းဇွန် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ်(၄)ရပ်ကွက်ရှိ ပြည်သူများအား စားဆီဖူလုံရေးအတွက် စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာ (၈၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။      

ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန် တစ်ရက်လျှင် စားအုန်းဆီ ၁၃၂၀ ပိဿာ ခွဲတန်း ရရှိပြီး စားအုန်းဆီများကို အိမ်ထောင်စုဝင်(၃၀၀၀)ကျော်အား ဖြန့်ဝေပေးရန်လျာထားရာ  မြို့ပေါ်ဆီဆိုင်များဖြစ်သော ဦးသန့်ဇင်ဝင်း၊ ဦးဇော်လင်း၊ ဦးကျော်မင်း၊ ဦးကြည်စံ၊  ဦးကံသာနှင့် ဒေါ်သန့်သန့် ဆီဆိုင်များမှ လာရောက်ဝယ်ယူကြသော မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စုဝင် စုစုပေါင်း (၂၈၀၀)ကျော်အား  ဆီထုတ် စာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးခဲ့ကြောင်း  သိရသည်။

ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းကျေးရွာများရှိ ဆီကိုယ်စားလှယ်များထံသို့လည်း စားအုန်းဆီများကို အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ဆီကိုယ်စားလှယ်တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ(၈၄၀၀)ကျပ်နှုန်းဖြင့် (၂၀)ပိဿာစီ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆီကိုယ်စားလှယ် (၁၁၅)ဦးရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)