တပ်ကုန်း ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်း(MRTV)တွင် ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်း ကျင်းပရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်း (MRTV)မှ မခိုင်သဇင်ဝေ (Grade-10) စက်မှု၊ မောင်ဇင်မင်းသူ(Grade-10) စက်မှု၊ မဝိုင်းစိန် (Grade-10) စိုက်ပျိုးရေး၊ မောင်ဖြိုးလင်းနောင် (Grade-10) စိုက်ပျိုးရေးတို့က “လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ကိုယ်ကျင့်တရား”ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင့်တင့်ခိုင်