တာချီလိတ်မြို့ ဘိုးဘွားရိပ်သာနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ ဆန်၊ ဆီနှင့် ငါးသေတ္တာများ ထောက်ပံ့လှူဒါန်း

တာချီလိတ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာရှိ ရွှေတောင်တန်း၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးနှင့်လူငယ်ဖွံ့ဖြိုးရေး(ပရဟိတ)ကျောင်းများသို့ ဆန်၊ ဆီ၊ ငါးသေတ္တာများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများက တာချီလိတ်မြို့၌ ရေဘေးအန္တရာယ်ကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လာရောက်လှူဒါန်းထား‌သော ဆန်အိတ်များအနက် ကျန်ရှိနေသည့် ဆန်အိတ်များကို တစ်ကျောင်းလျှင် (၅) ပြည်ပါ ဆန်အိတ် (၁၀၀) အိတ်စီအား လည်းကောင်း၊ ဦးဘိုလေး(နယ်ခြားကော်မတီမိသားစု)၊ BLF ကုမ္မဏီတို့မှ ဆီ (၅၀) သား၊ (၁၂) ဘူးပါ (၁) ဖာစီနှင့် ငါးသေတ္တာ (၁၀၀) ဘူးပါ (၁) ဖာစီတို့အား လည်းကောင်း သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွား သက်ကြီးရွယ်အို စုစုပေါင်း (၂၄) ဦး၊  လူငယ်ဖွံ့ဖြိုး‌ရေးပရဟိတဂေဟာတွင် တိုင်းရင်းသားလူငယ် စုစုပေါင်း (၅၃) ဦး၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာရှိ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး(ပရဟိတ)ကျောင်းတွင် တိုင်းရင်းသားလူငယ် စုစုပေါင်း (၁၆၀) ဦး၊ ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေး (ပရဟိတ) ကျောင်းတွင် တိုင်းရင်းသားလူငယ် စုစု‌ပေါင်း (၁၂၀) ဦးတို့အား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များက ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)