ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ဒီဇင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွာသစ်တွင် ကျင်းပသည်။

ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ဗလငါးတန်နှင့်ပြည့်စုံ၍ ထူးချွန်ထက်မြတ်သော လူရည်ချွန်များ ဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ မြင့်မားလာစေရန်၊ လူထုပရိသတ်အ‌ရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းသား၊ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-12 မဆုမွန်ကျော်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မထက်ထက်ကလျာက “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မဖြိုးသီရိလှိုင်က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်စိုးမိုးကျော်က “လူငယ်နှင့်နည်းပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။     

အောင်သူရဦး(ပြန်/ဆက်)