ကျိုင်းတုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထု ဖြစ်ပေါ်လာစေရေန် တည်ဆောက်ခြင်းစီမံချက်မှ ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့က မြို့နယ်စည်ပင်သာယာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗဟိုအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာမာလာဝင်းက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းက နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် The Fifth Pillar မှ အထက်တန်းရှေ့နေ့ ဦးစိုးသန်းထွဋ်တို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို လူတိုင်းက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ခြင်းအကြောင်းနှင့် ဥပဒေရေးရာများအကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်/ခရိုင်/ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)