မိုင်းဖြတ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကဆောင်ရွက်သည့် ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်း(ဟိုနား)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းက ဘေးအန္တရာယ်အမျိုးအစားများ၊ သဘာဝဘေးကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ ငလျင်လှုပ်ချိန် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် မိုးကြိုးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်သား၊ ကျောင်းသူများကို ငလျင်လှုပ်ချိန်နှင့် မိုးကြိုးပစ်ချိန်များတွင် ပြုမှုနေထိုင်ရမည့်အချက်များကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲများအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောချက်များအပေါ် မေးမြန်းဆွေးနွေးခြင်း၊ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)