မန်ကန် ဒီဇင်ဘာ ၅
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင် ဦးခမ်းလိတ်၊ ဦးစိုင်းဆိုင်၊ ဦးမျိုးဇင်ဝင်း၊ ဒေါ်ထွေးခင်၊ ဒေါ်ကြည်ကြည်စိုးတို့က စာရေးဆရာမ မိုးပန်းမွန်(ရာမည) ရေးသားထားသည့် “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်”စာအုပ်တွင်ပါသော “တန်ဖိုးရှိသောလူ၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ ပြိုင်တူတွန်းသည့်လားရာတူပါစေ၊ လွတ်လပ်ရေးနှင့် လူငယ်တို့၏တာဝန်၊ ဦးနှောက်လေ့ကျင့်ခန်း(၁၅)နှစ်စာ”စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန်ကန်မြို့ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိဇာချို(မန်ကန်၊ပြန်/ဆက်)