နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးတိုင်သယ်ဆောင်ထွန်းညှိခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ခေတ္တအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးတိုင်သယ်ဆောင်ထွန်းညှိခြင်းကို နေပြည်တော်မြို့တော်ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအထိ သယ်ဆောင်မည်ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မီးရှူးတိုင်သယ်ဆောင်ရာ လမ်းတစ်လျှောက်၌ ကြိုဆိုနိုင်ရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးညီညီမင်းက မီးရှူးတိုင်သယ်ဆောင်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးရှူးတိုင်သယ်ဆောင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)