ကွန်ဟိန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-(၃) ဒေါ်ထွေးထွေးခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းအလိုက် စာဖတ်ခြင်းများအား ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)