ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား

ဟိုပုံး ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် နည်းပြဆရာ/ဆရာမများက ဘက်စုံသုံး၊ လက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်အမွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ ဖူဂျီဆပ်ပြာခရင်မ်၊ Body Scrub ထုတ်လုပ်မှုနည်းပညာများကို စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း စသည့် အသေးစား ကုန်ထုတ်လုပ်ငန်းရှင်များပေါ်ထွန်းလာပြီး မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဆိုသည့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာများသင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာဒီပလိုမာအဆင့်သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲများ ကျင်းပပေးခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)