နမ့်စန်(တ) ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ် KG ကျောင်းသား/သူများအား ဆုံဆို့ကြက်ညှာကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ကာကွယ်ဆေးထိုးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(နမ့်စန်)ကျောင်းရှိ အသက်(၅)နှစ်မှ ၇ နှစ် KG ကျောင်းသား/သူများအား ဆုံဆို့ကြက်ညှာကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) တို့ကို မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ပြီး အဆိုပါကာကွယ်ဆေးထိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ အ.ထ.က(နမ့်စန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
နမ့်စန်မြို့နယ်တွင် ဆုံဆို့၊ ကြက်ညှာကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု စုစုပေါင်း(၂၅၅၀)ဦး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုစုစုပေါင်း (၁၂၇၆)ဦးလျာထားကာ ဒီဇင်ဘာ ၅ ရက်မှ စတင်၍ သက်ဆိုင်ရာကျောင်းများနှင့် ကျန်းမာရေးဌာန စုရပ်အသီးသီးတွင် သတ်မှတ်ရက်အလိုက် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
သူရအောင်(နမ့်စန်)