မိတ္ထီလာ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် နတ်ကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် နတ်ကြီးကုန်းကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၂ သန်း စုစုပေါင်း ၁၇ သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည် ၅၄၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။ အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ မြစိမ်းရောင်ကျေးရွာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းအရည်အသွေး ပြည့်မီစွာဆောင်ရွက်သွားကြရန်၊ လုပ်ငန်းအသုံးစရိတ်များအား ပြည်သူလူထုသို့ ချပြရှင်းလင်းသွားကြရန်၊ စာရင်းစစ်ဆေး ခံနိုင်ရေး ပြေစာဘောင်ချာများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် လုပ်ငန်းပြီးဆုံးပါက ရေရှည်ထိန်းသိမ်းနိုင်မည့် အစီအစဉ်များ ချမှတ်သွားရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)