ပြင်ဦးလွင်မြို့ ကျွဲနွားထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အဖြစ် စာရေးဆရာဉာဏ်ဝင်းထက်ရေးသားသည့် “လူ့စိတ်ကိုနားလည်သောရေနှင့်  ဓာတ်ကူးသည့်သဘာဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျွဲနွားထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့်အလေ့အထများ၊ အလေ့အကျင့်‌ကောင်းများရရှိစေရန်နှင့် နှလုံးသားလှပသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  စာရေးဆရာ  ဉာဏ်ဝင်းထက်ရေးသားသည့် “လူ့စိတ်ကိုနားလည်သောရေနှင့် ဓာတ်ကူးသည့်သဘာဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အ.ထ.က (ကျွဲနွားထောက်)Grade 10 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မစံတုနှိုင်းခ၊ မောင်ကျော်မင်းခန့်နှင့် မောင်မျိုးမင်းအောင်တို့က စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းက ကိုယ်တိုင်ရေးသားခဲ့သည့် စာအုပ်များကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)