လယ်ဝေး ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါးနှင့်နွေသီးနှံများ လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)တွင် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက ဆည်ရေသောက်ဧရိယာတွင် သုံးသီးနှင့် မိုးကောင်းသောက်ဧရိယာတွင် နှစ်သီးစိုက်ပျိုးရေး၊ မိုးစပါးရိတ်သိမ်းပြီးဧကများတွင် ဆောင်းသီးနှံများ အပြည့်အဝစိုက်ပျိုးရေး၊ မတ်လ ၁၅ ရက်နေ့မှစတင်၍ နွေစပါးရေပေးဝေမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ သီးနှံစိုက်ပျိုးမှုပုံစံမှန်ကန်ရေးအတွက် သက်လျင်စပါးမျိုးများကိုသာ စိုက်ပျိုးစေရေး၊ မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် ဆီထွက်ပဲပုပ်သီးနှံစိုက်ပျိုးရေး၊ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် ဆီထွက်ပဲပုပ်သီးနှံ စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆောင်းသီးနှံအပြည့်အဝ စိုက်ပျိုးရေး၊ သီးနှံပုံစံများ မှန်ကန်စေရန် သက်လျင်စပါးမျိုးများကိုသာ စိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် ဆီထွက်ပဲပုပ်သီးနှံ စိုက်ပျိုးရေးအသိပညာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(တည်-၅)မှ ဦးစီးအရာရှိ ဦးအောင်မန်းက နွေစပါးနှင့် နွေသီးနှံဆည်ရေပေးဝေမည့်အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများကိုယ်စား ကြိမ်ဖန်ကျေးရွာမှ ဦးအုန်းမောင်က ကြိမ်ဖန်ကွင်းသောက် DO-2B မြောင်းမှ ရေတံခါး ရေကျော်ကျနေမှုကြောင့် မြေအစိုဓါတ်များပြီး ဆောင်းသီးနှံစိုက်ပျိုးရန် အခက်အခဲရှိ၍ ပြန်လည်ပြုပြင်ပေးပါရန် တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ပဲပုပ်မျိုးစေ့နှင့် ပဲမြစ်ဖုဇီဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မဒေါ့ပင်ကျေးရွာအုပ်စုတွင် ပုလွေးချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျမှုအခြေအနေများနှင့် မဒေါ့ပင်ကျေးရွာတွင် ဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)