ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း လှည့်လည်ကြည့်ရှု၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးသို့ သွားရောက်ပြီး ဈေးကြီးအတွင်း လှည့်လည်ကြည့်ရှုကာ ဈေးသူ၊ ဈေးသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။ ဆက်လက်၍ ဈေးအတွင်း ဒေသထွက်ဟင်းသီးဟင်းရွက်များ ရောင်းချနေမှု၊ စားသောက်ကုန်များ ရောင်းချနေမှု၊ သားငါးဈေးတန်းများတွင် ဈေးသူ၊ ဈေးသားများ အေးချမ်းစွာ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်ဈေးတန်းသို့ သွားရောက်ပြီး ဆန်ကုန်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆန်ရောင်းချနေမှုအခြေအနေများနှင့် ဆန်ရောက်ရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများ၊ ရေယာဉ်များဖြင့် လူသုံးကုန်ပစ္စည်းများ‌ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဘက်စုံသုံးဆိပ်ကမ်း၌ စွမ်းသိဒ္ဓိရေယာဉ်ဖြင့် ဆန်နှင့်စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများရောက်ရှိလာမှုအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

စွမ်းသိဒ္ဓိရေယာဉ်တွင် ဆန်နှင့်စက်သုံးဆီများ၊ စားသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ စုစုပေါင်း ၁၇၂ ဒသမ ၃၄၈ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)