တပ်ကုန်း ဒီဇင်ဘာ ၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင် ဆောင်းသီးနှံစိုက်ပျိုးထားရှိသော ဥသျှစ်ကုန်းကျေးရွာ၊ သပြေသာကျေးရွာများရှိ နေကြာသီးနှံစိုက်ခင်းများ၊ မတ်ပဲသီးနှံ စိုက်ခင်းများ၊ မြေပဲသီးနှံစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးလမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ကြက်သွန်ခင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုနှင့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်မြေများအပေါ်တွင် ဆောင်းသီးနှံပြန်လည်စိုက်ပျိုးထားသည့် နေကြာ၊ မတ်ပဲ၊ ခရမ်းချဉ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီးနောက် ဥယျာဉ်ကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးမှ VDP စီမံကိန်းဖြင့် ဆောင်ရွက်သည့် အရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗိုလ်မင်းရောင်ရပ်ကွက်၊ မြို့နယ် MSME အဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်