နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၅

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပလျက်ရှိပါကြောင်း၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် ပြည်သူလူထုတစ်ရပ်လုံးကြားတွင် တစ်ပြေးညီကူးစက်ခံနေရတာမဟုတ်ဘဲ concentrated epidemic အနေဖြင့် ကူးစက်ရန် အန္တရာယ်များသည့် လူအုပ်စုများဖြစ်သော မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ၊ အမျိုးသမီးလိင်အလုပ်သမများတွင် အဖြစ်များကြောင်း၊ အိပ်ချ်အိုင်ဗွီကူးစက်ဖြစ်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှုသည့် စစ်တမ်းများအရ တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်၊ မိတ်ဖက်အဖွဲ့အစည်းများ၊ People Living with Key Population Network များနှင့် HIV-PLHIV Networki ပြည်သူလူထုအခြေပြုအဖွဲ့များ ပူးပေါင်းပြီး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီ အက်စ်ရောဂါကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၂၅)မှာပါရှိသည့် ဦးစားပေးနည်းဗျူဟာ ငါးရပ်နှင့်အညီ ၂၀၃၀ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန်အထိ ရည်ရွယ်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် “ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် "Take the rights path" “အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဆိုသည့်အတိုင်း အိပ်ချ်အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများကို လက်လှမ်းမီရန်ခက်ခဲသော ဦးတည်အုပ်စုများအပါအဝင် အိပ်ချ်အိုင်ဗွီကာကွယ် ကုသရေးဝန်ဆောင်မှုများကို လူတိုင်း သာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအပါအဝင် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် အိပ်ချ်အိုင်ဗွီကာကွယ်ကုသရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ရန်တို့အတွက် ခွဲခြားနှိမ့်ချ ဆက်ဆံခံရခြင်းကဲ့သို့သော အဓိကအတားအဆီးများကို ပပျောက်သွားစေရန် နည်းလမ်းများ၊ မူဝါဒများချမှတ်ခြင်းဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ HIV ပိုးရှိသူများ၊ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သော ဆေးကုသမှုပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများလျှော့ချရေး စသည့် ရည်မှန်းချက်များပြည့်မီစေရေးအတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက  ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြခန်းများနှင့် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရီမြို့နယ်၊ ပင်လောင်းလမ်းဘေး၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာ ကွင်းအမှတ် ၁၆၂၃ တောင်သူ ဦးပြည့်ဝ၏ လယ်ယာမြေ ၁ ဒသမ ၅ ဧက တွင် လယ်ယာထွန်စက်နောက်ဆွဲ အစေ့ချကိရိယာများဖြင့် ဆင်းရွှေကြာ(၂)နေကြာမျိုးကို မျိုးစေ့ချ စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံကာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)